-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Monday, August 26, 2013

သံစဉ်မဲ့ တေးသွား

ပြောကြကြေးဆို
 ပုံသေချပြထားတဲ့
မှန်ကန်မှု့ တစ်ခုပေါ့........
အားလုံးသုံးနေတဲ့ ရုပ်ဝတ္ထုတွေ
ငါမလိုချင်ပါဘူးလို့ ဆိုခဲ့ရင်
ရူးတယ်လို့ များ ပြောကြမလား.....
တစ်ခါတလေတော့လည်း
အများကြီးမဟုတ်တောင်
လှည့်စားတတ်တဲ့
အယောင်အဆောင် လေးတွေရဲ့ တန်ဖိုးကို
တွက်ကြည့်မိနေတယ်......
ငါ့နှလုံးသားရဲ့
တောင်းဆိုမှု့တွေက
ရုပ်ဝတ္ထုတွေ မဲ့နေခဲတယ်
သန်းခေါင်ယံအလယ်မှ လမင်း....
ကြင်နာခြင်း အနမ်း
ခပ်ဝါးဝါး အလွမ်းတွေနဲ့
မင်းကမ်းမဲ့ လက်တစ်စုံကို
ခုံမင်စွာနဲ့ငါ မက်မောတယ် ။

ရင်လှိုင်းခတ်သံ

ရူးခြင်း

ပန်းအိုးထဲ
ဘယ်တော့မှ မပွင့်တဲ့အပင်ကို ထိုးစိုက်
ရေလောင်းပေါင်းသင်လို့
မျှော်လင့်ခြင်းဟာ
ဂျုံခင်းတွေအဖြစ် ဝင်းဝါဖြစ်ထွန်း
ဘယ်သူပြောနိုင်မလဲ
ဒီအပင် အပွင့်ပွင့်ခဲ့ရင်
ငါဟာ ပထမဆုံး မြင်ဖူးသူပဲ

စစ်ငြိမ်

Sunday, August 25, 2013

အမေ့ဆီ

 အမေ...
အမေ့နှလုံးသားအတွက်
ကံကြမ္မာမုဆိုးက
မာန်ပါပါဒုတ်ချိုးပြီး ချွန်လိုက်တဲ့
ဝေဒနာ အဆိပ်လူး
ဆူးကလေးတစ်ချောင်းဟာကျွန်တော်ပါ
အမေ...။
အမေ့မျက်ရည်...
နွေနှစ်စက်
ကြွေသက်တဲ့နှစ်မှာ..
ဧရာဝတီရဲ့ခါးရိုး
သွင်သွင်ကျိုးတဲ့အရပ်ကို ကျောခိုင်း
ဘဝကိုထင်ရာစိုင်းခဲ့
အကြင်နာသမိုင်းရဲ့ ဖတ်စာမှာ


ခြေသဲနီ၊ လက်သဲနီ၊ နှုတ်ခမ်းနီ
မဆိုးတတ်တဲ့ “မ” ကိုကျွန်တော်ချစ်တယ် ။
ဘာမှပြင်ဆင်မထားတဲ့ “မ” ရဲ့အလှဟာ
ကောင်းကင်ဘုံက နတ်သမီးတစ်ပါးပါပဲ ။
သဘာဝက ပေးထားတဲ့ အလှတရားတွေနဲ့
ပြီးပြည့်စုံနေတဲ့ “မ”
ဆုတောင်းတိုင်း ပြည့်ခဲ့လို့
လှချင်တိုင်းလှနေတော့...
ကျွန်တော်သာ ညည ငုတ်တုတ်မေ့
အိပ်ရေးပျက်ရတယ် ။
အိပ်မပျော်တိုင်းလဲ “မ”အကြောင်းကိုပဲ
အတွေးနယ်ချဲ့မိတယ် ။
သြော်..“မ” ရယ်..“ချစ်တယ်”...။
လူတိုင်းပြောနေကျ အရိုးရှင်းဆုံး
စကားလေး တစ်ခွန်းကိုပဲ
ကျွန်တော့ရင်ထဲက ...
ထပ်ခါထပ်ခါ ပြောနေမိတော့တယ် ။
ကျွန်တော့ဆန္ဒကို ဖွင့်ဟမိတဲ့နေ့မှာ
“မ” ကျွန်တော့ကို
မုန်းသွားမှာကိုလဲ စိုးမိတယ် ။



မိုးနတ်ကြယ်စင်

ကောင်မလေး

ကောင်မလေး .......
ရင်ခုန်သံတွေ ရပ်လောက်အောင်ကို
လှတဲ့ ကောင်မလေး....
နှုတ်ခမ်းလေး နီထွေးထွေးနဲ့
ချစ်စရာကောင်းတဲ့ ကောင်မလေး.....
ငါ ညည အိပ်ရေးပျက်ရတာလဲ
နင့်ကြောင့်ပါပဲ ကောင်မလေး......
ကောင်မလေးရေ...
နင်မို့လို့ လမ်းလျှောက်သွားရင်
လူတွေအားလုံး ၀ိုင်းငေးကြတယ် ။
လှလွန်းတဲ့ နတ်မိမယ်ရယ်....
ရင်ခုန်သံမြန်နေလို့  ရူးရတော့မယ် ။
အရမ်းကြီး အလှမပြင်ပါနဲ့ ။ (နောက်ပြီး)
အရမ်းကြီးလဲ မလှချင်ပါနဲ့ ။
နတ်သမီးလေး...
နင် ငါကလွဲပြီး ဘယ်သူ့ကိုမှ
မချစ်လိုက်ပါနဲ့ ။

 မိုးနတ်ကြယ်စင်

Thursday, August 22, 2013

" ဘဝနဲ့ဓါး"

"ကျုပ်တို့ကရိုးသားနေသေးတယ်"
လူဆိုတာအသားစားသတ္တဝါ
လူဆိုတာအမှားတွေစားထား
လူဆိုတာဇကောလောက်မှဇောက်မနက်တဲ့
နောင်တတွေနဲ့
အဝတ်ဖြူဖြူလေးတွေတော့ဝတ်ချင်ကြတာပေါ့။
ခေတ်လဆိုးသွမ်းတာနဲ့မဆိုင်ဘူး
မိတ်ဆွေချင်းစီးချင်းထိုး
ရန်သူတွေကအားပေး
ကောင်းနိုင်သေးသလား။
သူငယ်ချင်းမင်းလဲသွေးနဲ့သားနဲ့ခံစားနေသေးသလား
ဓါးကလေးထိုင်သွေးနေသေးသလား။
(ဒီအချိန်မှာမိုးထရွာတယ် )
ဝေါကနဲစိုစွတ်နေတဲ့လမင်းကိုကြည့်ကြ
အနာပေါ်ဒုတ်ကျပြီးလင်းတဲ့လမင်းကိုကြည့်ကြ
ရန်သူတွေအားလုံးကလက်ခုပ်ထတီးတယ်
တဖြောင်းဖြောင်းနဲ့။
စိတ်ကလေးညစ်ဆိုးဆိုး
ငါအသားဖြူချင်နေမိ။
လူစုလူဝေးတွေလူတွေထဲမှာ
လူစုလူဝေးတွေကောင်းကင်ထဲမှာ
လူစုလူဝေးတွေပင်လယ်ထဲမှာ
ဘာအတွက်တိုက်ခိုက်နေကြသလဲ။
သူတစ်ပြန်ကိုယ်တစ်ပြန်ကောင်ကျစ်ထားတော့
တိုက်ပွဲတွေကခဏလေးပဲလို့ထင်ရတယ်
ဒါမှမဟုတ်
တိုက်ပွဲတွေကမပြီးနိုင်အောင်များပြား
မိုးကစဲသွားတယ်
ရန်သူတွေအလျိုလျိုပြန်သွား
မိတ်ဆွေတွေစင်ပေါ်ကဆင်းသွား
စင်ပေါ်မှာဒဏ်ရာတွေယစ်မူးသာယာနေတုန်း....
ဘယ်သူနိုင်တယ်အတပ်မသိနိုင်အောင်
မူးဝေနေတုန်း
ဒဏ်ရာတွေမှာရသအပြည့်လို့ဆိုပါစို့။
လက်တုန်တုန်နံကြားမှာဓါးကိုစမ်းမိတယ်။
မိတ်ဆွေတစ်ယောက်ရဲ့အဆောင်လက်ဖွဲ့
ဓါးတုံးတုံးတစ်လက်....
"တောက်"
မထူးပါဘူး
ဒီငါ့ရဲ့အလောင်းကိုမြောင်းထဲသာပစ်လိုက်ပါတော့။
စိတ်မသာယာစရာ
တစ်ခါတစ်လေ
ဘဝဆိုတာရင်ဆိုင်ရလွန်းလို့
နောင်တရဖို့အချိန်တောင်မရှိဘူး။
 
မျိုးဝင်း

Sunday, August 18, 2013

အချစ်ည

ရင်ခုန်သံ ချိုတွေနဲ့ 

ငါ့ရင်ကို ငိုစေတဲ့ည
ခဏလေး ဖြစ်ဖြစ် ပြန်ရချင်တယ်.....
စည်းချက်ညီ လှုပ်ရှား
သွေးသားတွေထိ စီးဆင်း
မင်းပေးတဲ့ ကြင်နာခြင်း
ရင်ခွင် ကို လှုပ်နှိုး
အရိုးသားဆုံး ရုန်းထွက်
နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံး ထောင့်နေရာက
ဖြူစင်တဲ့ ချစ်ခြင်း
အပြစ်ကင်းစွာ ပွင့်ခဲ့တဲ့ ညပေါ့...။
ကာရံ မညီခဲ့ဘူး
နရီ မပါခဲ့ဘူး
ရေမြေတွေ ခြားနေပေမယ့်
ရင်ဘတ်ချင်းဆက်ထား
နှလုံးသားချင်း နားလည်
ထပ်တူညီ အချိုးကျ
ဘဝလက်တွဲဖော် အတွက်
ဝေါဟာရတွေ မကြွယ်ခဲ့ဘူး
"ချစ်တယ်" ဆိုတဲ့ တစ်ခွန်း
အရူးတစ်ယောက်လို တစ်တွတ်တွတ်ဆို
အဲဒီညကို ပြန်လိုချင်တယ်.....။ 
 ကျမက အာရုံမှာ ပွင့်သည့်ပန်းဆိုရင်
မောင်က  ကျမကို နမ်းသော လေပြေ 
ဘယ်လိုအခြေအနေ ဖြစ်ဖြစ် ထာဝရ ထုဆစ်ကြမယ်။
       ''16-06-2013 ''
ရင်လှိုင်းခတ်သံ